သူတော်စင်တို့ ..မင်္ဂလာပါ..မြတ်စေတနာမှ လှိုက်လှဲစွာကြိုဆိုပါတယ်။

Monday 13 May 2013

ဘ၀အာမခံချက် ရှိနိုင်သည့် ဘွဲ့များ

ဆရာဝန် (ဆေးနဲ့သွား) ဆေးနဲ့ သွားကတော့ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး လေ့လာသင်ယူရတာ ခက်ခဲသလို၊ ဘွဲ့ရရင်လည်း အောင်မြင်တဲ့ ဒေါက်တာတစ်ယောက်ဖြစ်ဖို့ အလွန်ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် ဆရာဝန်ဆိုတာ ကတော့ ဘ၀အာမခံချက် အရှိဆုံးဘွဲ့တစ်ခုအနေနဲ့ သတ်မှတ်ထားခြင်း ခံနေရဆဲဖြစ်ပါတယ်။ လူဆိုတာက အိုခြင်း နာခြင်းကင်းနိုင်တဲ့သူတွေ မဟုတ်တော့ ဆရာဝန်အလုပ်ဆိုတာ ခေတ်အဆက်ဆက် အာမခံချက်ရှိနေဦးမှာပါပဲ။ လစာကလည်း အတော်လေးကောင်းတယ်။
ဗြိတိန်ငွေ ပေါင်စတာလင်နဲ့ တွက်မယ်ဆိုရင် ပေါင် ၄၀၀၀၀ လောက် တစ်နှစ်ကိုဝင်ငွေရှိတယ်။ ဒါက အောင်မြင်နေတဲ့ ဆရာဝန်ကြီးတွေရဲ့ ဝင်ငွေပါ။ ဆရာဝန်ပေါက်စတွေတောင် တစ်နှစ်ကို ပေါင် ၂၂၀၀၀ လောက်ရတယ်လို့ ဆိုပါတယ်။ ဒီနေ့ပေါက်ဈေးနဲ့ တွက်ရင် တစ်ဒေါ်လာကို ၁ ဒသမ ၆၁ ပေါင်နဲ့ ညီတယ်ဆိုတော့ တစ်နှစ်ကို ဆရာဝန်တစ် ယောက်ဟာ အနိမ့်ဆုံး ဒေါ်လာ ၃၅၄၂၀ လောက်ရတယ်ဆိုတဲ့သဘောပါ။ မြန်မာငွေနဲ့ တွက်ရင်တော့ တစ်နှစ် သိန်း ၃၀၀ ကျော်ပေါ့။ ငွေရပေါက်ကောင်းပေမယ့် သင်တန်းရက်ရှာကြာ၊ သင်ယူရတာခက်ခဲ၊ အောင်မြင်ဖို့လည်းခက်တာကြောင့် ဒီအလုပ်ကို စဉ်စားကြတယ်လို့ဆိုတယ်။ မြန်မာနိုင်ငံမှာကတော့ တက္ကသိုလ်ဝင်တန်း နဲ့ အမှတ်ကိုဖြတ်ချပြီးမှ ဆရာဝန်ဖြစ်နိုင်တာဆိုတော့ ဂုဏ်ထူးများမှ စိတ်ချရတဲ့သဘော ရှိနေပါတယ်။ 

 ဗိသုကာ
 ဗိသုကာတစ်ယောက်ရဲ့ တစ်နှစ်ပျမ်းမျှ ဝင်ငွေဟာ စတာလင်ပေါင် ၃၉၇၅၁ ရှိတယ်လို့ဆိုပါတယ်။ ဗိသုကာတစ်ယောက် ဖြစ်ဖို့ အနည်းဆုံး ၇ နှစ်လောက် ပညာသင်ရတယ်။ BArch သို့မဟုတ် DipArch ဘွဲ့ရမှ မဟုတ်ရင် ရပ်တည်ဖို့ မလွယ်ပါဘူး။ ဒါတောင် အရည်အချင်းကစကားပြောပါ တယ်။ ကျော်ကြားရင် ကျော်ကြားသလောက် ဘ၀အတွက် အာမခံချက် ရှိတာကြောင့်လည်း ရင်းနှီးသူတွေ ဒုနဲ့ဒေးရှိတယ်လို့ သိရပါတယ်။

 အင်ဂျင်နီယာ
 အင်ဂျင်နီယာဆိုတဲ့နေရာမှာ လိုင်းစုံကိုပြောတာပါ။ တစ်နှစ်ပျမ်းမျှလစာ စတာလင်ပေါင် ၃၉၅၂၈ လောက်ရတယ်။ မြို့ပြ၊ လျှပ်စစ်၊ ဆောက်လုပ်ရေး အားလုံးပါတယ်။ နာနိုခေတ်ဖြစ်လာတော့ နာနိုနည်းပညာဆိုင်ရာ အင်ဂျင်နီယာတွေလည်း ရေပန်းစားတယ်။ ဟိုက်ဒြို အီလက်ထရောနစ်ဆည် တည်ဆောက်ရေး စနစ်တွေကလည်း မြို့ပြအင်ဂျင်နီယာတွေအတွက် စိန်ခေါ်စရာဖြစ်လာတယ်။ နေ့စဉ်ဘ၀မှာလည်း မြက်ခင်းကို ပြုပြင်ထိန်းသိမ်းတဲ့နေရာကအစ အဝတ်လျှော်စက်ပြုပြင်တဲ့အဆုံး အင်ဂျင်နီယာတွေ၊ စက်မှုလက်မှု ပညာရှင်တွေရဲ့ အခန်းကဏ္ဍက အရေးအပါဆုံးဖြစ်နေတာကြောင့် အင်ဂျင်နီယာအလုပ်လည်း လူကြိုက်အများ ဆုံးဖြစ်လာရပါတယ်။ ကွန်ပျူတာလောကမှာဆိုရင်လည်း ဆော့ဖ်ဝဲအင်ဂျင်နီယာဆိုသူတွေက အရေးအပါဆုံး ဖြစ်နေပါသေးတယ်။ 

ဓာတုဗေဒနှင့် စွမ်းအင်အင်ဂျင်နီယာ 
အင်ဂျင်နီယာနဲ့ သိပ္ပံဘွဲ့တွေကတော့ ထိပ်ဆုံးမှာ လူကြိုက်အများဆုံး ဘွဲ့တွေဖြစ် နေပါသေးတယ်။ လက်ရှိ အမေရိကန်မှာလည်း သိပ္ပံနဲ့ နည်းပညာ ကော်မတီက ဒီပညာရပ်တွေကိုပဲ အဓိကဦးစားပေး သင်ကြားပေးရန်နဲ့ ဒီဘာသာရပ် ဘွဲ့ရတွေကို နေရာပေးရန်ဆိုတဲ့ စီမံချက်တွေကို ရေးဆွဲပြီး အကောင်အထည်ဖော်နေကြတယ်။ သူတို့ အလေးထားပုံကတော့ “အလျှင် အမြန်၊ ချက်ချင်း” အဆင့်လို့တောင် သတ်မှတ်ထားတယ်လို့ ဆိုတယ်။ ဓာတုအင်ဂျင် နီယာဆိုတာက စွမ်းအင်နဲ့လောင်စာ အရေးပါနေတဲ့ခေတ်မှာ အလုပ်မရှားပါဘူး။ တစ်နှစ်ကို ပေါင်စတာလင် ၃၈၅၃၈ လောက်ရတယ် ဆိုတာကြည့်ရင် အရေးပါပုံကို သိနိုင်ပါတယ်။ 

 တောင်အာရှ ဘာသာရပ်လေ့လာခြင်း 
ကမ္ဘာ့ဘာသာရပ်တစ်ခုအနေနဲ့ အိန္ဒိယနဲ့ တောင်အာရှဒေသ များ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို လေ့လာရန်ဆိုတာ ပိုပြီးအရေးပါလာတယ်။ ဒါကြောင့် တောင်အာရှ ဘာသာစကားတွေကို ကျွမ်းကျင်စွာတတ် မြောက်သူတွေ အလုပ်မ ရှားဖြစ်လာတယ်။ ဘာသာဗေဒဆိုင်ရာ သဘော၊ တည်ဆောက်ပုံ၊ သဒ္ဒါအသုံး အနှုန်း လေ့လာခြင်းတွေအပြင် ဒေသဆိုင်ရာ ယဉ်ကျေးမှု၊ စာပေ၊ အနုပညာတတ်ကျွမ်းသူတွေ နေရာရလာကြပါ တယ်။ အရှေ့တောင်အာရှ ကျွမ်းကျင်သူဆိုတဲ့ ရာထူးတွေကို ပိုင်ဆိုင် ထားသူတွေ တစ်နှစ်ကို လစာ စတာလင် ပေါင် ၃၈၅၁၆ လောက်ရတာတွေ့ရပါတယ်။ 

ဓာတ်သတ္တု နည်းပညာကျွမ်းကျင် 
ဓာတ်သတ္တုနဲ့ သဘာဝ ဓာတ်ငွေ့တူး ဖော်ရေးကို အထူးပြုယူထားသူတွေရဲ့ ၃၃ ရာခိုင်နှုန်းလောက်ဟာ ကျောင်းပြီးတာနဲ့ အလုပ်ရ တယ်လို့ သိရပါတယ်။ ဒီလုပ်ငန်းတွေမှာ အကြံပေးနိုင်သူတွေ သို့မဟုတ် ကျွမ်းကျင်ပညာရှင် တွေဖြစ်လာရင် တစ်နှစ်ကို ပေါင်စတာလင် ၃၇၁၃၉ လောက်ရတယ်လို့သိရတယ်။ ဒီလောကမှာ အမြင့်ဆုံးလစာ ကို ပိုင်ဆိုင်ထားတဲ့ ပညာရှင်တစ်ယောက်ဆိုရင် တစ်နှစ်လစာ စတာလင်ပေါင် ၄၂၃၀၅ လောက်ရရှိတယ်လို့ဆိုပါတယ်။ 

ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် 
ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင် ပညာရှင်ဆိုတာက လုပ်သား အင်အားစီမံခွဲဝေနိုင်မှု၊ အလုပ်ရှင် အလုပ်သမား စေ့စပ်ညှိနှိုင်းရေး ကျွမ်းကျင်သူ၊ ဝန်ထမ်းနေရာချထားရေး လုပ်ငန်းတွေမှာ ကျွမ်းကျင် သူတွေ ဖြစ်ရပါလိမ့်မယ်။ သူ့သက်ဆိုင်ရာ စီမံခန့်ခွဲရေး ဘာသာရပ်ဆိုင်ရာ ဘွဲ့တွေ ရရှိထားဖို့လိုပါတယ်။ ကျွမ်းကျင်စီမံခန့်ခွဲသူတွေဟာ တစ်နှစ်ကို ပေါင်စတာလင် ၃၇၁၃၉ လောက် ရရှိကြပါတယ်။ 

မြို့ပြအင်ဂျင်နီယာ
 သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာဘာသာရပ်ကျွမ်းကျင်တွေဟာ အထူးသဖြင့် STEM (science, technology, engineering, maths) လို့ သူတို့နိုင်ငံတွေမှာ အမွှမ်းတင်ထားတဲ့ ဘာသာရပ်တွေမှာ ဘွဲ့ရ ထားသူတွေဟာ ရွှေမရှား၊ ငွေမရှားဖြစ်နိုင်ပါတယ်။ မြို့ပြအင်ဂျင်နီယာတွေကို မြို့ကြီးပြကြီးတွေမှာ အလွန်လို အပ်နေပါတယ်။ တစ်နှစ်ကို ပေါင်စတာလင် ၃၆၉၀၄ လောက်ရကြပါတယ်။ 

လုပ်ငန်း အကောင် အထည်ဖော်ရေး ကျွမ်းကျင်ပညာရှင် 
သူတို့ဆီမှာတော့ operational research လို့ခေါ်ပါတယ်။ လုပ်ငန်းတစ်ခုလုပ်ဆောင်ရန်အတွက် 
အဆုံးအဖြတ် ပေးနိုင်သူများလို့ လန်ကက်စတာတက္ကသိုလ် စီမံခန့်ခွဲရေး ကျောင်းကတော့ အဓိပ္ပာယ်ဖွင့်ပါတယ်။ စီးပွားရေး ဆိုင်ရာ ဘွဲ့တစ်ခုခုကို ရရှိထားပြီး လုပ်ငန်းနယ်ပယ်၊ ဈေးကွက်စတာတွေကို ဝေဖန်သုံးသပ် ဆုံးဖြတ်နိုင်စွမ်းရှိပြီး လုပ်ငန်းအပေါ် များစွာအထောက်အကူပြုနိုင်သူတွေလို့ သတ်မှတ်ထားခြင်းခံရပါတယ်။ တစ်နှစ်ကို ပေါင်စတာလင် ၃၆၅၄၀ လောက်ရပါတယ်။ 

 ဂျပန်ဘာသာကျွမ်းကျင်သူ 
 ဂျပန်ဘာသာဟာ နိုင်ငံခြားဘာသာ လေ့လာသူတွေစာရင်းမှာ ထိပ်တန်း ၁၀ ဘာသာစာရင်းဝင်ဖြစ်လာပါပြီ။ ဂျပန် ဘာသာစကားနဲ့ ယဉ်ကျေးမှု၊ အနုပညာကို လေ့လာသူတွေ များလာတဲ့အလျောက် ဂျပန် ဘာသာကို သင်ကြားပေးနိုင်သူတွေ တစ်နှစ်လစာ စတာလင်ပေါင် ၃၆၄၃၇ လောက်ရနိုင်ကြောင်း သိရပါတယ်။ ဘွဲ့ရ တဲ့အချိန်ကနေ အသက် ၆၅ နှစ်လောက်အထိ ဂျပန်စာပေ၊ ယဉ်ကျေးမှု၊ အနုပညာတွေကို သင်ကြားပေးတဲ့ ဆရာအဖြစ် ရပ်တည်နိုင်တာကြောင့် ဝင်ငွေကောင်းပြီး ဘ၀အတွက်ပါ အာမခံချက်ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဂျပန်မှာတော့ ဥပဒေဘွဲ့ရတွေဟာ အမှတ်စဉ် ၃၇ လောက်ချိတ်ပါတယ်။ ဘွဲ့ရ ပြီးရင် အလုပ်အများဆုံးရနိုင်တဲ့ ဘွဲ့ကလည်း ရှေ့နေအလုပ်ဖြစ်နေပါတယ်။ ၄၆ ရာခိုင်နှုန်းလောက်ရတယ်လို့ဆိုပါတယ်။ 


မှတ်ချက် အထက်ပါစာရင်းဇယားများကို ထုတ်ပြန်နိုင်ရန်အတွက် HESA (Higher Education Statistics Agency) မှ ဘွဲ့ရ ကျောင်းထွက်သွားသူ ၁ ဒသမ ၅ သန်းကို မေးခွန်းများ မေးမြန်းပြီး စာရင်းပြုစုခဲ့ခြင်းဖြစ်ပါသည်။ ဤလုပ်ငန်းအတွက် မေးမြန်းဆောင်ရွက်သူ ၅၃ ဦးကို ခန့်ထားပြီး ဘွဲ့ရသည်မှ အသက် ၆၅ နှစ်အတွင်း လေ့လာချက်အရ ပြုစုထားသည့် ရလဒ်များဖြစ်ကြောင်း သိရသည်။ အချက်အလက်များကို http://www.bestcourse4me.com/ တွင် အသေးစိတ် လေ့လာကြည့်ရှုနိုင်ပါသည်။ undefined Powered by Bullraider.com

စကားချိုချို စိတ်ကူးချိုချို ဖလှယ်ကြပါစို့ 