သူတော်စင်တို့ ..မင်္ဂလာပါ..မြတ်စေတနာမှ လှိုက်လှဲစွာကြိုဆိုပါတယ်။

Thursday 17 May 2012

ဗုဒ္ဓနည်းကျစီမံခန့်ခွဲမှုသင်တန်း တတိယအကြိမ် သင်တန်းဆင်းပွဲကျင်းပ


စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ ဗုဒ္ဓဘာသာပညာရေးစင်တာတွင် တတိယ အကြိမ်အဖြစ် ဖွင့်လှစ်သင်ကြားသော ဗုဒ္ဓနည်းကျ စီမံခန့်ခွဲမှု သင်တန်းဆင်းပွဲ အား ယခုလ ၅ ရက်နေ့ ကဆုန်လပြည့်နေ့ တွင်ကျင်းပခဲ့ကြောင်းသိရသည်။

"သင်တန်းဆင်းပွဲမှာ သင်တန်းသား ၅၂ ဦးကို နိုင်ငံတကာ အသိမှတ်ပြု သင်တန်းဆင်း လက်မှတ်တွေပေးပါတယ်။ သင်တန်းမှာ အဖွဲ့လိုက် ဘာသာရပ် အလိုက်ပြိုင်ပွဲတွေ လုပ်ပေးတယ်။ဗုဒ္ဓနည်းကျ စီမံချက်ရေးဆွဲမှုပြိုင်ပွဲမှာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့မှ ပထမဆု၊ Buddhist High School Project မှ ဒုတိယဆုနဲ့ Sunday School Project မှ တတိယဆုတွေရ ရှိသွားခဲ့ပါတယ်။ ဗုဒ္ဓနည်းကျစီမံခန့်ခွဲ မှုသင်တန်းကို နောက်နှစ်တွေမှလည်း ဆက်လက် ဖွင့်ပေးသွားမှာဖြစ်ပါတယ်"ဟု ဗုဒ္ဓဘာသာပညာရေး စင်တာကျောင်း မှ ပဓာနနာယကဆရာတော် အရှင် သောဘိတက မြန်မာတိုင်း(မ်)ကို မိန့် ကြားသည်။
သင်တန်းတွင် IBEC ကျောင်းအုပ် ဆရာတော် အရှင်သောဘိတမှ Networking System of Buddhist Community ခေါင်းစည်ဖြင့် လည်းကောင်း၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာကိတ္တိဗလက Administration System of Buddhist ခေါင်းစဉ်၊ ဒေါက်တာဣန္ဒာစရိယမှ Leadership Quality ခေါင်းစဉ်၊ အရှင် ဒေ၀ိ န္ဒာဘိဝံသမှ Economic System of Buddhist ခေါင်းစဉ်၊ တိပိဋကဓရ ဓမ္မာဘဏ္ဍာဂါရိက ဂန္ဓာမာလာလင်္ကာရ က ဗုဒ္ဓနည်းကျ ခေါင်းဆောင်မှု အရည် အသွေးများခေါင်းစဉ်၊ အပြည်ပြည်ဆိုင် ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခဒေါက်တာ ဓမ္မပီယမှ ဒီမိုက ရေစီနှင့် ဗုဒ္ဓနိုင်ငံတော် ခေါင်းစဉ်၊ အရှင်ဝဏ္ဏိတမှ Unity Power ခေါင်းစဉ်၊ အရှင်ကောဝိဒမှ Sustainable Development in Buddhism ခေါင်းစဉ်၊ အရှင်စန္ဒာဝရက တက္ကသိုလ် ပညာရေး နှင့် စာကြည့်တိုက်ခေါင်းစဉ်၊ စာရေး ဆရာဇူးဇင်ဇော်က ထင်ရှားကျော်ကြားသော ခေါင်းဆောင်နှစ်ဦး၏ စကား ပြောဟန်များ ခေါင်းစဉ်၊ စာရေးဆရာ ဦးဘုန်း(ဓာတု)က ဗုဒ္ဓနည်းကျရသ အလင်္ကာခေါင်းစဉ်၊ စာရေးဆရာ ဦးကျော်ရင်မြင့်က စဉ်းစားစရာ ပြဿနာ များခေါင်းစဉ်၊ ဒေါ်ငြိမ်းအိစံက Civic Education ခေါင်းစဉ်၊ ဒေါ်နန်းကြည့်ဖြူ အောင်ချိုက Delegation in Buddhism ခေါင်းစဉ်၊ ဆရာစိုးထက်က စာကြည့်တိုက် နည်းပညာသိ ကောင်းစရာခေါင်းစဉ်တို့ဖြင့် အသီးသီး သင်ကြားပို့ချပေး ခဲ့ကြသည်။

"အခု ဒီသင်တန်းကိုတက်လိုက်ရတာ ကိုယ်မသိတာတွေလည်း အများကြီးသိလိုက်ရတယ်။ ဗုဒ္ဓနည်းကျနဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေလည်းရတယ်။ အခုလို သင်တန်းမျိုးကို ဖွင့်လှစ်ပေးတဲ့ ဆရာတော် ဥူးသောဘိတနဲ့ သင်ကြားပြသပေးတဲ့ ဆရာတွေကိုလဲ အထူးကျေးဇူး တင်ပါတယ်"ဟု ကချင်ပြည်နယ် မိုး ကောင်းမြို့မှ သင်တန်းလာတက်သော မနှင်းစုလှိုင်က ပြောသည်။

အဆိုပါသင်တန်းသည် တတိယ ကြိမ်မြှောက်ဖြစ်ကာ ဧပြီလ ၂၃ ရက်နေ့ မှမတ်လ ၅ ရက်နေ့ထိ သင်ကြားပေးခဲ့ပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ တနင်္သာရီ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့မှ လာရောက် သင်တန်း တက်ကြပြီး နိုင်ငံ ရေးပါတီများမှ တာဝန်ရှိသူများလည်း လာရောက် သင်တန်းတက်ကြကြောင်း သိရသည်။

စကားချိုချို စိတ်ကူးချိုချို ဖလှယ်ကြပါစို့ 