မန္တလေးတက္ကသိုလ် ဒဿနိက ကထိ ကဟောင်း ဆရာကြီး ဦးအေးကိုကို အေး မှာ ထိုင်းမြန်မာ နယ်စပ် တစ်နေရာတွင် နေထိုင်ရင်း၊ လွန်ခဲ့တဲ့ သုံးလခန့်က ကွယ်လွန်သွားခဲ့ပါသည်။ ဆရာကြီး ဦးအေးကိုကိုအေးမှာ
မောင်ကျေးဇူး၊ သမာသမတ်၊ အမနွန် စတဲ့ ကလောင်မျိုးစုံဖြင့် မောက္ခပညာရေး မဂ္ဂဇင်းတွင် ပင်တိုင်ရေးခဲ့သူ ဖြစ်သည်။ ဆရာကြီး မဆုံးခင် မေးမြန်းထားခဲ့တဲ့ အင်တာဗျူးကို ဖော်ပြလိုက်ရပါသည်။
မေး။ ဆရာကြီး ခင်ဗျား၊ မန္တလေးတက္ကသိုလ် ဒဿနိက ကထိက ဆရာအဖြစ်ထမ်း ဆောင်ခဲ့စဉ်က အကောင်းအဆိုး အတွေ့အကြုံလေးတွေ မျှဝေပေးစေ ချင်ပါတယ်။ ဆရာလုပ်သက် မပြည့်ဘဲ ဘာကြောင့် ထွက်ပစ်ခဲ့သလဲ ဆိုတာရော ပေါ့။
ဖြေ။ ကျွန်တော်တို့ခေတ် (၁၉၆၄ ခုနှစ် တက္ကသိုလ်တွေ ကျောင်းတွေကို ပြည်သူပိုင် မသိမ်းမီ အထိ) တက္ကသိုလ်များ အဆင့်အတန်းဟာ ကမ္ဘာ့ အဆင့်မီတယ်လို့ ပြောနိုင်ပါတယ်။ မြန်မာစာ ကလွဲလို့ ကျန်ဘာသာရပ်များ အားလုံး နိုင်ငံတကာသုံး အင်္ဂလိပ်စာနဲ့ပဲ သင်ကြရတယ်။ အမေရိက၊ ဥရောပက ဧည့်ပါမောက္ခတွေလည်း လာသင် ပေးကြတယ်။ နိုင်ငံခြားပြန် မြန်မာ အမျိုးသား ဒေါက်တာတွေလည်း တော်တော် ရှိပါတယ်။
ဒါလောက် ကောင်းနေရက်နဲ့ ကျွန်တော့် ကိုယ်ရေး ကိုယ်တာ ကိစ္စကြောင့် အလုပ်ထွက်ခဲ့ရတာပါ။ အခြေခံတစ်ခုမှာ ကျွန်တော်နဲ့ တက္ကသိုလ်နဲ့ သဘောထား ကွဲလွဲကြတာကြောင့် လို့ဆိုနိုင်ပါတယ်။
မေး။ သိပ္ပံတွဲများ အပါအ၀င်ပေါ့၊ အခြား အထူးပြု ဘာသာရပ်များနဲ့ နှိုင်းယှဉ်ရင် ဆရာတွေ ကျောင်းသားတွေရဲ့ ဒဿနိကဗေဒ ဘာသာရပ်အပေါ် စိတ်ဝင်စားမှု လေးစားမှု ထားပုံ ပြောပါဦး။
ဖြေ။ ဒဿနိက ဗေဒလို့ပဲ ဆိုကြပါစို့ဗျာ။ ကျွန်တော်ကတော့ ဖလော့ဆဖီလို့ ခေါ်ရတာပဲ ပိုကြိုက်တယ်။ ပထမ နှစ်နှစ်မှာ လောဂျစ် ဆိုတာ ယူရတယ်။ လောဂျစ်က အောင်တာ လွယ်တယ်။ ဒီတော့ ၀ိုင်းပြုံ တိုးကြတာပေါ့။ လောဂျစ် သင်ခဲ့တဲ့ ကျောင်းသားဟာ တတိယ နှစ်ကစပြီး ဒဿနိကဗေဒ ယူရတယ်။ ဒီတော့လည်း နှုတ်တက် ရွရွ အလွတ်ကျက်နဲ့ အောင်ကုန်ကြတယ်။
ကျနော်တို့ ခေတ်မှာ ဂုဏ်ထူးတန်း ဆိုတဲ့ တကယ့် အတန်းကြီး ရှိသေးတယ်။ အမှတ်ကောင်းတဲ့ လူတွေပဲ တက်ရတယ်။ ဒီလူတွေ နိုင်ငံခြားပြန်တွေ ပါမောက္ခတွေ ဖြစ်ကုန်ကြတယ်။ တကယ်လည်း အားကိုးရလောက်အောင် တတ်ကြတယ်။ ဂုဏ်ထူးတန်း မတက်ရပေမဲ့ ၀ိဇ္ဇာတန်း နောက်ဆုံးနှစ်မှာ ဂုဏ်ထူး အဆင့်နီးနီး အမှတ်ကောင်းကောင်းရတဲ့ လူဟာ မဟာသိပ္ပံတန်း ပါရဂူတန်းတွေကို အရည်အချင်းအလိုက် ဆက်တက်ခွင့်ရတယ်။ ခြုံပြောရရင် ဒဿနိက ဗေဒဟာ တကယ့်ကို ပီပြင်အားကောင်းတဲ့ ဌာနလို့ ပြောနိုင်ပါတယ်။
ဌာနအားကောင်းပေမယ့် ဆရာတွေ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုကို တိုတိုနဲ့ လိုရင်း ပြောရရင်တော့ သုညပါပဲ။ မြန်မာစာ ဆိုရင် သိတယ်။ အင်္ဂလိပ်စာဆို သိတယ်။ ဓါတုဗေဒ ရူပဗေဒ၊ ယုတ်စွအဆုံး ဆိုက်ကိုလိုဂျီ ဆိုရင်တောင် သိကြတယ်။ ဖလော့ဆဖီ လို့ဆိုလိုက်ရင် ဟိုလိုလို ဒီလိုလိုနဲ့ ပြီးသွားရော။ အခြေအနေက အဲလောက်ဆိုးပါတယ်။ လွန်ခဲ့တဲ့ နှစ်၅၀ ကျော်ကတည်းကပါ။ ပညာရှင်တွေ ဆရာကောင်းတွေနဲ့ ဌာန ကောင်းနေတုန်းတောင် အဲဒီ့ အနေအထားမျိုးပါ။
မေး။ ဆရာကြီးတို့နဲ့ ခေတ်ပြိုင် ရန်ကုန် တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်က ဆရာတွေရဲ့ ဒဿနိကဗေဒ ဌာန၊ ဘာသာရပ်၊ အတွေးအခေါ်၊ စာပေ စတာတွေ တိုးတက်အောင် လုပ်ခဲ့ကြပုံတွေ ပြောပါဦးလား။
ဖြေ။ ကျွန်တော် ရန်ကုန် တက္ကသိုလ် အကြောင်း သိပ်မသိပါဘူး။ မှားမလား မှန်မလားတော့ မသိဘူး။ ရန်ကုန်တက္ကသိုလ်က ဆရာတွေက မန္တလေး တက္ကသိုလ်ကို သိပ်မလာ ချင်ကြဘူးဗျ။ အကြောင်းရင်းတော့ ကျွန်တော်တို့လည်း ဂဃနဏ မသိဘူး။ အဲတခုတော့ ရှိတယ်။ တပြည်လုံးက ဒဿနိကဗေဒကို သုည မကလို့ အနှုတ် လက္ခဏာပဲ ပို့ပို့ ဒဿနိကဗေဒက ဆရာ ဆရာမတွေကတော့ သူတို့ ဘာသာရပ်ကို သူတို့ သိပ်ချစ်ကြတယ်။ တပြည်လုံးက မသိကြပေမဲ့ ဒဿနိကဗေဒဟာ တစ်ကမ္ဘာလုံးရဲ့ အရေး၊ အားလုံးနဲ့ သက်ဆိုင်တယ်၊ အားလုံးရဲ့ အခြေအမြစ်၊ အားလုံးရဲ့ နောက်ဆုံး အဖြေဟာ ဒီမှာ ရှိတယ်ဆိုတာ သိကြတယ်။
လောလောဆယ် မှေးမှိန်နေသော အမှန်တရား တစ်ခုလို့ပဲ ကဗျာလိုလို ဘာလိုလို ပြောရမလား မဆိုတတ် တော့ပါဘူးဗျာ။ သာဓက အဖြစ် ပြောရရင်တော့ ၁၉၆၂-၆၃ ပိုင်းလောက်က ထင်တယ်။ ´ရွှေဥဒေါင်းသို့ ပြန်ကြားချက်´ နဲ့ `ရှင်ဥက္ကဌသို့ ပြန်ကြားချက်´ ဆိုပြီး စာအုပ် နှစ်အုပ် ထွက်လာဖူးတယ်။ ဆရာ ဆန်းလွင်နဲ့ ဆရာ အေးကျော် (မောင်ကြည်သစ်) တို့ ကျောင်းသား ဘ၀က ရေးလိုက်ကြတဲ့ စာအုပ်တွေပေါ့။ အဲဒီတုန်းက ဆရာကြီး ရွှေဥဒေါင်းရဲ့ `ဒိဌေဒိဌမတ္တံ ကျင့်စဉ်´ စာအုပ်နဲ့ ဆရာတော် အရှင် ဥက္ကဌတို့ရဲ့ `လူသေလူဖြစ်´ စာအုပ်တွေက လျှမ်းလျှမ်းတောက် မီးရှုးမီးပန်းတွေ မဟုတ်လား။
အဲဒီ့ စာအုပ်တွေကို တုန့်ပြန် ဝေဖန်ရေးသားမှုက ဒဿနိကဗေဒကို မြန်မာ့ လူ့ဘောင်အတွင်း ပထမဆုံး ထိုးဖောက် ၀င်ရောက်လာအောင် လုပ်ပေးနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ လှုပ်လှုပ်ရှားရှားလည်း ဖြစ်သွားပါတယ်။ နောက်တော့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ရဲ့ လက်ဝဲလား လက်ယာလား မဆိုနိုင်တဲ့ တောင်လိုလိုမြောက်လိုလို စာအုပ်တွေက တဖြောဖြော ထွက်လာတော့ ဒီလမ်းကြောင်းလေး မှေးမှိန် သွားခဲ့ရတယ်။
မဆလ ပါတီရဲ့ ´လူနဲ့ လူ့ပတ်ဝန်းကျင်တို့ဧ။် အညမည´ စာအုပ်နဲ့ ဆိုဗီယက် ယူနီယံထုတ်တဲ့ `မာ့(က)စ် ၀ါဒ အခြေခံကျမ်း´ စာအုပ် အထူကြီးဟာ ဒဿနိကဗေဒ ဌာနရဲ့ မဖတ်မနေရ လက်စွဲစာအုပ်တွေ ဖြစ်လာခဲ့တယ်။ အရင် ဒဿန သင်ရိုးတွေဟာ အပေါင်းအနှုတ် အမြှောက်အစား သာသာ အဆင့်ထိ လျောကျ သွားခဲ့ရတယ်။ ဒဿန စစ်စစ်တွေ ချောင်ထိုးခံရခြင်းလို့ ဆိုနိုင်တယ်။
မဆလကို မကျေနပ်တဲ့ လက်ဝဲ အစစ် အတုတွေ ကလည်း လက်ဝဲ နိုင်ငံတွေက လာတဲ့ လက်ဝဲ ၀တ္ထုတွေ လက်ဝဲ ကျမ်းဖျားတွေကို ဝေါကနဲ ဝေါကနဲ တဖြောဖြော ဘာသာပြန် ထုတ်ဝေကြတယ်။ မဆလကြီး ခင်မျာလည်း သူ့ ဆိုရှယ်လစ်ဆိုတဲ့ အလိမ်အညာ စကားလုံးတွေနဲ့ ပြန်ပိတ်မိပြီး ဘာမှ တို့ထိမရ ဖြစ်သွား ရှာတယ်။
မဆလ စာတွေဟာ အရေအတွက် အားဖြင့်တောင် ပြင်ပ လက်ဝဲ စာပေကို လိုက်မမှီဘူး။ ဒဿန စစ်စစ် စာပေတွေကတော့ ဘေးထိုင် ဘုပြော အဆင့် ရောက်ရတာပေါ့၊ အော်..ဘုတော့ မပြောပါဘူး (မပြောရဲတာ လည်း ဖြစ်ချင်ဖြစ်မှာပေါ့) ဘေးထိုင် လောက်တော့ လုပ်နေကြရတာပေါ့။ အညမညက အထက်က ဒဿနက အောက်က လို့ လုပ်ထားလိုက်တာကိုး။ မျောက်ကအထက် ဘုရားကအောက် ဖြစ်နေခဲ့တယ်။
မေး။ ကျနော်တို့က အောက်သားဆိုတော့ မန္တလေး တက္ကသိုလ် အကြောင်း သိပ်မသိဘူး။ အဲ့ဒီမှာ အခြား ဘာသာရပ်ဌာနတွေက ဒဿနိကဗေဒဌာနကို နှိမ်ချတာတွေ ရှိသလား ခင်ဗျ။
ဖြေ။ အထင်သေး နှိမ့်ချမှုရယ်လို့ မရှိပါဘူး။ ကိုယ့်ဘာသာရပ် ကိုယ်ဖတ်၊ ကိုယ်ဟာကိုယ် ကျေနပ်နေကြတာပဲ။ ပေါင်းကြ သင်းကြတော့လည်း သူငယ်ချင်းတွေလို ရင်းရင်းနှီးနှီးပဲ။ အဲ တခုတော့ ပြောလို့ရမယ် ထင်တယ်။ လက်ဝဲလိုလို ဘာလိုလို ကျောင်းသားတွေကတော့ သိပ်ကြည်ပုံ မရဘူး။ သူတို့က လက်ဝဲ စာပေလောက်ပဲ ကိုးကွယ်စရာ ဒဿနလို့ ထင်နေတာကိုး။ ဒါဟာ ကိုင်းဖျား တစ်ခုဆိုတာ သူတို့ မသိရှာပဲကိုး။
မေး။ ဒဿနိကမှာ အရှေ့တိုင်းနဲ့ အနောက်တိုင်း နှစ်မျိုးအပေါ် ဆရာကြီးရဲ့ ရပ်တည်ချက် အမြင်လေး။
ဖြေ။ အရှေ့တိုင်းက စိတ်ယဉ်ကျေးမှုမှာ အားသာတယ်လို့ ကျွန်တော် ထင်ပါတယ်။ အနောက်တိုင်းကတော့ ရုပ် ၀တ္ထုကို စေခိုင်းတဲ့ နေရာမှာ အဆင့်မြင့်တယ်လို့ ပြောလို့ရမယ် ထင်ပါတယ်။ နှစ်ခုစလုံး လိုအပ်ပါတယ်။ ဒါပေမဲ့ စိတ်ယဉ်ကျေးမှုကို ဦးဆောင်စေမှ ရုပ်ဝတ္ထုတွေကို စေခိုင်းတာဟာ လမ်းမှန်ပေါ် ရောက်မယ်ဆိုတာတော့ ငြင်းလို့ မရပါဘူး။ ဒီ အရှေ့ အနောက် အစီအစဉ်ဟာ သိပ်အရေးကြီး ပါတယ်။ အစီအစဉ်ကို ပြောင်းပြန်ဖြစ်လို့ကတော့ ကမ္ဘာပျက်မယ့်ကိန်း အထိ ရှိတယ်လို့တောင် ကျွန်တော် ဆိုချင်ပါတယ်။
မေး။ ဥပမာ၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်မှာ Economics ကို ဘောဂဗေဒ လို့ ဆရာကြီးများက ဖလှယ် ခဲ့ကြတယ်။ မောင်စူးစမ်းက ဓနဗေဒလို့  လုပ်ဖူးသေးတယ်လို့ မှတ်သားဖူးတယ်။ ဒေါက်တာ မောင်ရှိန်တို့က ဘောဂဗေဒ လို့ ဖလှယ်တာ မဆလ လည်းကြိုက်တယ်။ ကနေ့ထိ အောင်မြင်တယ် ဆိုရမယ်။ ဒါပေမဲ့ Commerce ကျတော့ ၀ါဏိဇ ဗေဒ လုပ်လိုက်တာ ပိုရှုပ်သွားသလို အမြဲခံစားရတယ်။ ဒီတော့ မေးချင်တာက Philosophy ကို ဒသနိကဗေဒ လို့ မြန်မာမှု ပြုတာ အပေါ် ဆရာကြီး အမြင် သဘောထား။
ဖြေ။ ကျွန်တော်ကတော့ Philosophy ကို ဖလော့ဆဖီ လို့ ခေါ်ရတာပဲ ပို နှစ်သက်ပါတယ်။
မေး။ ကဲ အရင်ဆုံး မေးသင့်တဲ့ မေးခွန်းကို ပြန်မေးရအောင်။ အဲဒီ့ ဖလော့ဆဖီ ဆိုတာကော ဘာလဲ ဆရာ....
ဖြေ။ ကျွန်တော့် ကိုယ်ပိုင် အမြင်ကိုပဲ ပြောပါရစေ။ ဖလော့ဆဖီ ဆိုတာ အမြဲ ရှိနေခဲ့ ရှိနေဆဲ ရှိနေဦးမယ့် (ရှိလည်း ရှိသင့်တဲ့) အရာလို့ ကျွန်တော် ပြောချင်ပါတယ်။ ဘ၀ ရှိနေရင် ဘ၀ကို ဖြေရှင်း ရတာတွေလည်း ကျွဲကူး ရေပါ ရှိနေမှာ ဖြစ်ပါတယ်။ ဘာသာရေးကို ချန်ထားပြီး ကျန်တဲ့ ဘ၀ ကိစ္စ ဘ၀ ပြဿနာ အားလုံးကို အမြင့်ဆုံး နေရာက အမြင့်ဆုံးနည်းနဲ့ အမျိုးမျိုး ရှိသမျှ ရှုဒေါင့်တွေကနေ ဖြေရှင်းဖို့ ကြိုးပမ်းတာကို ဖလော့ဆော်ဖီလို့ အကြမ်းဖျင်း ပြောလို့ ရမယ် ထင်ပါတယ်။
ဧရာဝတီ မြစ်ကြီးရှိသလို မန္တလေးမြို့ကြီးလည်း ရှိတယ်။ ဧရာဝတီ မြစ်ရေလျှံတဲ့ အခါမှာ မြို့ထဲ ရေတွေ ဝေါကနဲ ထိုးမ၀င်အောင် တာရိုး ဆိုတာကြီးနဲ့ ကာထားရတယ်။ အတိုဆုံး ရေးရရင် မဟာမုနိ ဘုရားကြီးကို အေးအေး ဆေးဆေး ကောင်းကောင်း မွန်မွန် ဖူးနိုင် ကြတာပေါ့။ မြစ်ရေ တာရိုး ကျိုးတာနဲ့ မဟာမုနိ ဘုရားကြီးလည်း ရေနစ်၊ ကြာတော့ ပျက်ဆီး ပြိုကျ သွားနိုင်သလိုပေါ့။ ကျွန်တော်တို့ ဖလော့ဆဖီဟာ မန္တလေး တာရိုးကြီးလိုပါပဲ။ တာရိုးကြီး ခိုင်ခန့် နေသ၍ မဟာမုနိ ဘုရားကြီးလည်း လုံခြုံနေမှာပဲ။ တာရိုးကြီး ကောင်းအောင် လုပ်ရမှာ မြန်မာ့နည်းရော နိုင်ငံတကာ နည်းပါ သုံးလို့ရတယ်။ ဒါပေမဲ့ တာရိုးက ဘယ်တော့မှ ဘုရား မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဖလော့ဆဖီ ဆိုတာ အကာအရံကို ခိုင်နေ လုံနေအောင် ကာခြင်းတမျိုးပဲ။
မေး။ ဒီနေ့ အိုင်စီတီခေတ်၊ ဘိုင်အို အင်ဂျင်နီယာ ခေတ်မှာ လူငယ် ကျောင်းသားတွေ အတွက် ဖလော့ဆဖီ ဟာ အသုံးကျမှု ရှိပါသေးရဲ့လား။ ဆရာတို့ ဖလော့ဆဖီ ရဲ့ အနာဂတ်...။
ဖြေ။ အိုင်စီတီခေတ် ဘိုင်အို အင်ဂျင်နီယာ ခေတ်ဆိုတာ ဘာလဲ။ ခေတ်တစ်ခေတ်ရဲ့ လိုအင် သတ်မှတ် ချက်တွေ မဟုတ်ပါလား။ ဒီ့ထက် ပိုကောင်းတဲ့ ခေတ်တွေ မလာတော့ဘူးလို့ အာမခံရဲ ပါသလား။ ခေတ်ဆိုတာ ခေတ်စစ်မှန်ရင်တော့ ရှေ့အမြဲ တိုးတက် နေမှာပဲ။ ကျွန်တော်တို့နဲ့ ကြုံကြိုက်ချင်မှ ကြုံကြိုက်မယ်။ အဲတော့ ဖလော့ဆဖီရဲ့ အခန်းကဏ္ဍက ဘယ်မှာ ပါလဲ။ မြစ်ရေ ရှိနေသမျှ တာရိုး ရှိနေသမျှ ဘုရား ကျောင်းကန် လူနေ အိမ်ခြေ စက်ရုံ အလုပ်ရုံ ရှိနေသမျှ ကာလပတ်လုံး ဖလော့ဆဖီဟာ ရှိနေမှာပါပဲ။
တခု ပြောနိုင်တာက တာရိုး တကယ် ကောင်းရင်၊ အသင့်အတင့် ကောင်းခဲ့ရင် ဘုရား၊ တရား၊ ရတနာ သုံးပါးကတော့ အချိန်တန်ရင် ပွင့်နေမှာပါပဲ။ လောကပါလ တရားတွေ ထွန်းကားနေမှာပဲ။ တိုးတက်မှုတွေ ဖြစ်လာမှာပဲ။ ဒါပေမဲ့ တာရိုး လုံးဝ မကောင်းလို့ကတော့ ဘာမှကို ဖြစ်လာမှာ မဟုတ်ဘူး။ အကုန် ပျက်ဆီးဖို့ပဲ။
မေး။ မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေးမှာ ဖလော့ဆဖီ အခန်းကဏ္ဍကို ဘယ်လို အသုံးချနိုင်မလဲ။
ဖြေ။ ဒါ အတော် အဖြေရ ခက်တဲ့ မေးခွန်းပဲ။ ခေတ်ပြောင်းသွားလို့ စုပေါင်း တိုင်ပင် ဆွေးနွေးကြရင်တော့ အဖြေ တစုံတရာ ထွက်ကောင်းပါရဲ့။
မေး။ ဆရာကြီး အနေနဲ့ ခေတ်လူငယ်တွေကို ပြောချင်ဆိုချင်တာများ...
ဖြေ။ ကျွန်တော် ရိုးရိုးသားသား တစ်ခု ပြောပါရစေ။ စိတ်ကူးလေး သက်သက်ပါ။ စိတ်ကူးယဉ်လို့လည်း ပြောချင် ပြောနိုင်ပါတယ်။ မြန်မာပြည်မှာ ကဗျာဆရာ လူငယ်လေးတွေ တအား များပါတယ်။ ဒီအထဲက များများ မဟုတ်ပါဘူး။ တစ်ဝက်လောက်များ ဖလော့ဆဖီကို ကဗျာ စိတ်ဝင်စားသလို စိတ်ဝင်စား လာရင်….။
ကျေးဇူးတင်ပါတယ် ဆရာကြီး အေးကိုကိုအေး ခင်ဗျား။
ဝင့်ထန်း