သူတော်စင်တို့ ..မင်္ဂလာပါ..မြတ်စေတနာမှ လှိုက်လှဲစွာကြိုဆိုပါတယ်။

Thursday 26 April 2012

ဗုဒ္ဓနည်းကျ စီမံခန့်ခွဲမှုနည်းပညာသင်တန်းကို တစ်နှစ်ထက်တစ်နှစ် ပိုမိုစိတ်ဝင်စားလာကြ

စစ်ကိုင်းတောင်ရိုး ဗုဒ္ဓဘာသာ ပညာ ရေး စင်တာ ကျောင်းတိုက်မှ ဖွင့်လှစ် သင်ကြားသော ဗုဒ္ဓနည်းကျစီမံခန့်ခွဲမှု နည်းပညာ သင်တန်း အပေါ် တစ်နှစ် ထက်တစ်နှစ် လူငယ်များပိုမို စိတ်ဝင်စား လာကြကြောင်း ဗုဒ္ဓဘာသာပညာရေး စင်တာကျောင်းမှ ပဓာနနာယက ဆရာ တော်အရှင်သောဘိတက ပြောသည်။
"ဒီနှစ်နဲ့ ဆိုရင်တော့ သုံးနှစ်ရှိပြီ၊ တစ် နှစ်နဲ့တစ်နှစ် လူငယ်တွေ စိတ်ဝင်စားမှု ပိုများလာတယ်။ သင်တန်းမှာ စုစုပေါင်း ၅၁ ဦးထိ ရှိတယ်။ ဖိတ်ကြားထားတာက တော့ တစ်ပြည်လုံး အယောက် ၄၀ ရှိ တယ်။ သံဃာတော် ၁၀ ပါး၊ သီလရှင် က ငါးပါးနဲ့ လူဝတ် ကတော့ ၂၅ ဦး၊ လေ့လာသူကတော့ ၁၁ ဦးထိရှိတယ်။ တရားဝင် ဖိတ်ကြားထားတဲ့သူတွေကို တော့ နိုင်ငံတကာအသိမှတ်ပြု ပညာရေး စင်တာကနေ သင်တန်းဆင်း လက်မှတ် ပေးသွားမှာပါ"ဟု အရှင်သောဘိတက မြန်မာတိုင်း(မ်)ကို မိန့်ကြားသည်။
အဆိုပါ သင်တန်းကို မြန်မာနိုင်ငံ အ တွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၊ သီလရှင်သင်ပညာရေး ကျောင်းများ၊ ကျန်းမာရေးဌာနများ၊ ပရဟိတလုပ်ငန်းများနှင့် ဗုဒ္ဓဘာသာ အသင်းအဖွဲ့များက ဗုဒ္ဓနည်းကျ ပညာ ရပ်များကို စနစ်တကျ စီမံခန့်ခွဲ ဆောင် ရွက်နိုင်စေရန်လည်းကောင်း၊ ထူးချွန် ထက်မြက်သော အနာဂတ်သားကောင်း ရတနာ၊ သမီးကောင်း ရတနာများ ပေါ် ထွက်လာစေရန်လည်းကောင်း ဖွင့်လှစ် ပို့ချခြင်းဖြစ်ကြောင်း သိရသည်။

"ဒီနှစ်နဲ့ဆိုရင် ဘုန်းကြီးက သင်ကြား ရေးထဲမှာပါတာ နှစ်နှစ်ရှိပြီ၊ ထူးခြားတာ က ဘာသာရေးလုပ်ငန်းတွေကို လူငယ် တွေ စိတ်ဝင်စားမှုများလာတာပဲ။သင်တန်းမှာက အနယ်အနယ်အရပ်ရပ် က ကျောင်းဆရာမတွေဆိုတော့ သင်တန်းပြီးသွားရင် သူတို့ သက်ဆိုင်ရာ ကျောင်းတွေမှာ ဒီသင်တန်းက နည်း ပညာတွေကို လက်တွေ့အသုံးချပြီး ကလေးတွေကို ပြန်သင်ကြားပေးတော့ အားလုံးအတွက် အကျိုးရှိနိုင်ပါတယ်၊ ပီတိလည်းဖြစ်ရပါတယ်၊ နောက်နှစ်တွေ မှာလည်း ဆက်တိုက်သင်ကြား ပေးသွား မှာပါ"ဟု သီတဂူဗုဒ္ဓ တက္ကသိုလ်မှ ဒုတိယ မော်ကွန်းထိန်း ဆရာတော် ဒေါက်တာ ကိတ္တိဗလက မိန့်ကြားသည်။

ဗုဒ္ဓနည်းကျ စီမံခန့်ခွဲမှုနည်းပညာသင် တန်းတွင် ဗုဒ္ဓနည်းကျ ခေါင်းဆောင်မှု နည်းပညာများ၊ ဗုဒ္ဓဘာသာအဖွဲ့အစည်း များ၏ အရေး ပါသော ကဏ္ဍများ၊ ဗုဒ္ဓ နည်းကျ စီးပွားရေးစနစ်နှင့် စီးပွားရေးစီမံ ခန့်ခွဲမှုနည်းပညာများ၊ ဗုဒ္ဓနည်းကျ စီမံ ခန့်ခွဲမှုနည်းပညာများ၊ ဗုဒ္ဓနည်းကျ လူမှု အသိုင်းအ၀ိုင်း ဖွံ့ဖြိုးတိုးတက်မှုနည်း ပညာများကို ကျွမ်းကျင်ပညာရှင်များက သင်ကြားပို့ချပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်'ယုမိုး'ဘက်စုံဖွံ့ဖြိုးရေးစင်တာမှ သီလရှင်ဆရာတော် ဒေါ်ဝဏ္ဍ၀တီက "ဗုဒ္ဓနည်းကျ စီမံခန့်ခွဲမှုသင်တန်းမှာ တက်ရတာ အများကြီးအကျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာလေးတို့ စင်တာမှာက အတန်းကျောင်း ပြင်ပ ဆိုတော့ လေလွင့် နေတဲ့ကလေးငယ်တွေ ကို ပြုစုထိန်းသိမ်း ရတာလေ။ သူတို့လေး တွေအတွက်လည်း အကျိုးရှိပါတယ်။ ကလေးတွေကိုလည်း ဒီသင်တန်း ကနေပြီး ပို့ချတဲ့ ဗုဒ္ဓနည်းပညာတွေကို အဓိကထား သင်ကြားပေးသွားမှာပါ။လူနေမှုဘ၀တွေ၊ ကိုယ့်ဘ၀ ကိုယ်ထိန်း ကျောင်းတတ်အောင် နည်းပညာ အမျိုး မျိုးနဲ့ ပြုပြင်ထိန်း ကျောင်းပေးသွားမှာပါ"ဟု ပြောသည်။

သင်တန်းပို့ချမည့်ဆရာများမှာ ဓမ္မ ဒူတ အရှင်ဆေကိန္ဒ (ပါမောက္ခ၊ အပြည် ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်)၊ ဒေါက်တာကိတ္တိဗလ (ဒုတိယမော်ကွန်း ထိန်းဆရာတော်၊ သီတဂူဗုဒ္ဓတက္ကသိုလ်)၊ အရှင်ဒေ၀ိန္ဒာဘိဝံသ (သဒ္ဓမ္မဝေဒ ဆရာ တော်)၊ ဒေါက်တာကုန္ဒာစရိယ (သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်)၊ အရှင် သောဘိတ (ပဓာန နာယကကျောင်းအုပ်ဆရာတော် IBEC )၊ အရှင်ကောဝိဒ (IBEC)၊ အရှင်ဝဏိတ (IBEC )၊ ဒေါက်တာမြတ်သူ၊ ဒေါက်တာဇော်ဦး၊ ဦးကျော်ရင်မြင့် (အယ်ဒီတာ၊ စာရေးဆရာ)၊ ဦးဘုန်း (ဓာတု)၊ ဒေါ်ငြိမ်းအိစံ (Trainer)၊ ဒေါ်နန်းကြည်ဖြူအောင်ချို ( AL BA ,Project Specialist )တို့က သင်တန်း ပို့ချပေးလျက်ရှိကြောင်း သိရသည်။

"သင်တန်းစဖွင့်တဲ့နေ့ကတော့ အချိန်ကို အကန့်အသတ်နဲ့ အသုံးချတတ် အောင် လေ့ကျင့်သင်ကြားပေးတယ်။ ဒီသင်တန်းကနေ ရလာတဲ့ အသိပညာ ဗဟုသုတတွေကလည်း အဖိုးမဖြတ်နိုင် အောင်ပါပဲ။ ကျောင်းက ကလေးတွေ အတွက်လည်း ဒီနည်းပညာ တွေက လိုအပ်ပါတယ်။ ယဉ်ကျေးမှုနဲ့ပတ်သက် တာတွေသင်ပေးရမယ်။ ဗုဒ္ဓနည်းပညာနဲ့ ပတ်သက်တာတွေကိုလည်း သင်ပေးရ မယ်"ဟု နေပြည်တော်ရှိ အောင်ချမ်းသာ သီလရှင်သင်ပညာရေးကျောင်းမှ ဆရာမ မနွေးယုလွင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခုနှစ်သင်တန်းသည် တတိယကြိမ် မြောက်ဖြစ်ပြီး ဧပြီလ ၂၃ ရက်နေ့ မှ မတ်လ ၅ ရက်နေ့ထိ သင်ကြားပေးမည် ဖြစ်ပြီး သင်တန်း သို့ တက်ရောက်ကြ သောသူများမှာ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ တနင်္သာရီ၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ လာရောက်သင်တန်း တက်ကြပြီး နိုင်ငံရေးပါတီများ တာဝန်ရှိသူများလည်း လာရောက်သင်တန်း တက်ကြကြောင်း သိရသည်။ မြန်မာတိုင်းမ်

စကားချိုချို စိတ်ကူးချိုချို ဖလှယ်ကြပါစို့ 